ဝေါ မေ ၂၀
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်း ထားရှိရာမှ ယခုလနောက်ဆုံး အပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများပြန်လည် ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဝေါမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၃၀)ကျောင်း၊ ဘက(၉)ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း(၁)ကျောင်းရှိပြီး (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက် မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာ အကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)