ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေးအတွင်း မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဝက်လက် မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ မြို့မ စည်ပင်သာယာ စျေးအတွင်း ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်စျေးအတွင်း လျှပ်စစ်ဝါယာများ သွယ်တန်း ထားမှု၊ မီးသွေးမီးဖိုကို အသုံးပြုကာ အစားအသောက် ရောင်းနေသည့် ဆိုင်များ၊ မီးသွေး မီးကြွေကို အသုံးပြုကာ စက်ချုပ်နေသူများကို မီးလောင်မှု မဖြစ်ပွားစေရေး၊မြို့မ စျေးအတွင်း ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မီးသတ်ကား အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးသည်။

အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝက်လက်မြို့ မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်နိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှူဆောင် အရာရှိ ဒေါ်စန္ဒာထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်စုစုမြိုင်တို့က စုပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)