တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ စက်တော်ရာ ကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားကို ဗုဒ္ဓဘာသာ၀င် မိဘပြည်သူများ ကြည်ညိုသဒ္ဒါပွားများ နိုင်စေဖို့ မိတ်ဆက် တင်ပြ လိုက်ရပါသည်။
စက်တော်ရာ ကျေးရွာ ဟာ ရန်ကုန်−ထား၀ယ်−မြိတ် ပြည်ထောင်စု ကားလမ်းမ ကြီး ပေါ်တွင် တည်ရှိပြီး၊ ပုလောမြို့မှ ၁၈ မိုင်ကွာဝေးပါသည်။ အဆိုပါကျေးရွာမှ အမြင့်ပေ ၁၃၁၂.၄ ပေရှိသော စက်တော်ရာ တောင်တော်ပေါ် ကျောက်သားပြင် ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ၁၀၈ ကွက် စက်လက္ခဏာနှင့်ပြည့်စုံသော ဝဲဘက်ခြေတော်ရာ ကို ကြည်ညိုစွာ ဖူးတွေ့နိုင်မှာ ဖြစ်ပါသည်။
စက်တော်ရာတောင်ကို ရှေ့အခါက ဒေဝီဌရသေ့ကို အစွဲပြု၍ ရသေ့တောင်ဟူ၍ လည်းကောင်း၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဝဲဘက်ခြေရာတော်ကို တွေ့ရှိပြီးနောက် ဘုရားတောင်( ခေါ် ) စက်တော်ရာ တောင်ဟုတစ်မျိုး ခေါ်ဝေါ်ခဲ့ကြပြီး၊ ဤတောင်ခြေ အနီ:၌ နေထိုင် ကြကုန် သော ကရင်လူမျိုးများကမူ တောင်၏ တောင်ဘက် မျက်နှာမှ ချောင်းတစ်ခု၊ မြောက်ဘက်မျက်နှာမှ ချောင်းတစ်ခု အစပြု၍ ရစ်ပတ်စီးဆင်းနေသော ချောင်း၏အမည် ကမ္ဗလာချောင်းကို အစွဲပြု၍ ကမ္ဗလာတောင် ဟု ခေါ်တွင်ခဲ့ကြရာ ယခုအခါတွင် ကမ္ဘာလှတောင်ဟု ထင်ပေါ် ကျော်ကြား လူသိများ လာခဲ့ပါသည်။
အဆိုပါ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ၁၀၈ ကွက် စက်လက္ခဏာနှင့်ပြည့်စုံသော ဝဲဘက် ခြေတော်ရာကို ပထမ ဆုံးတွေ့ရှိသူမှာ တပိုချောင်းဖျားရှိ စံသား(သံသာရွာ)မှ ဖိုးတုံးကြီး (ဗုဒ္ဓဘာသာ ကရင်အဘိုးကြီ: )တစ်ဦး ဖြစ်ပြီး၊ ဒုတိယတွေ့ရှိသူက ကောဇာသက္ကရာဇ် ၁၁၉၀ ခုနှစ် က စံသား (သံသာရွာ)မှ မုဆိုးစောဖိုးထူး ဆိုသူက အမဲကောင်ရှာရင်း ကမ္ဘာ လှတောင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး၊ ဘယ်ညာ ယိမ်းထိုးလျက် အရွက်ချင်း ရိုက်ခတ် နေသော ဂမုန်းပင်များ ပတ်လည်ဝိုင်းလျက် နေတဲ့ ကျောက်သား ပြင်ပေါ်တွင် နစ်၀င်နေသော ထူးဆန်းသော ဤမျှ ကြီးမား လှသည့် ခြေရာတော်ကြီးကို တွေ့ရှိခဲ့ပါပြီး ၊ နောင် ဆယ်နှစ်ကြာသောအခါ တပို ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူသော ဆရာတော် ဦးတေဇ (ရဟန်းဘွဲ့) လူအမည် ဆရာဖြူ က ပရိတ်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ဘာ၀နာပွားများခြင်းများ ပြုပြီးနောက် သန်းခေါင်ယံ လွန်မြောက်၍ ခေတ္တ ကျိန်းစက် တော်မူရာ မိုးသောက်ယံ သုံချက်တီးကျော် ငါးမောင်းခန့်အချိန်လောက်တွင် အလွန် ထူးဆန်းသော အိပ်မက်တော်ကို မြင်ခဲ့သဖြင့် ရွာသားများနှင့်အတူ တောင်ပေါ်တက်ပြီး ရှာဖွေခဲ့ရာမှ စက်လက္ခဏာ တော်များဖြင့် အစုံရှိသည့် ခြေတော်ရာ ကို ဖူးတွေ့ခဲ့ပြီး၊ ခြေတော်ရာမှ အလင်းတန်းများ ထွက်ပေါ်လာသည်ကို ထပ်မံ တွေ့မြင်ခဲ့ရာ မြတ်စွာဘုရားရှင်အား ကိုယ်တိုင် ကိုယ်ကျ ဖူးတွေ့ရသကဲ့သို့ လွန်စွာ၀မ်းမြောက်ပီတိအဟုန်ဖြင့် ဦးခေါင်းစိုက် ပူဇော်ခဲ့ကြသည်။ ထိုအချိန်မှ စတင်၍ ကောဇာ ၁၂၀၀ ပြည့်တွင် စက်တော်ရာ ဟူသောအမည်သည် ထင်ပေါ်ကျော်ကြား လူသိများ လာခဲ့ခြင်း ဖြစ်ပါသည်။
ယခင်က စက်တော်ရာ ဘုရားသို့ စက်လှေ၊ လှည်း၊ခြေကျင်ခရီးဖြင့် အသွားအလာများခဲ့ပြီး၊ ယခုအခါ မော်တော် ကား၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာခဲ့ကြပါသည်။ ပါဒစက်တော်ရာ ဘုရားသို့ လာရောက် ဖူးမြော် ကြည်ညိုကြသူများသည် တစ်နေ့တစ်ခြား ပိုမိုများပြား လာသည်နှင့် အမျှ သဒ္ဓါကြည်ညိုစိတ်များ ယိုဖိတ် လာကြပြီး၊ အမြို့မြို့၊အနယ်နယ်မှ စေတနာ ရှင်များက အုတ်၊သဲ၊ထုံး ၊ရေ အစရှိသည်ကို တနိုင်တပိုင် လှူဒါန်း ခဲ့ကြပြီး၊ ဆောက်လုပ်ရေး ပစ္စည်းများကို တောင်ပေါ်သို့ လက်ဆင့်ကမ်း လုပ်အား၊ ငွေအားဒါနများဖြင့် ပြင်ဆင် မွမ်းမံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါ သည်။
ကမ္ဘာလှတောင်ပါဒ စက်တော်ရာ ဘုရားတည်ရှိရာ အနီးပတ်၀န်းကျင်၌ အရှင်ဂဝံပတိ ရဟန္တာ မထေရ်ရဲ့ ခြေတော်ရာ တည်ရှိခြင်း၊ နတ်ဘီလူးမင်းက မြတ်စွာဘုရားရှင်အား ဒူးတုပ် ပူဇော်ရာမှ နောင်အနာဂတ် သာသနာတော်တွင် မြတ်စွာဘုရား၏ ခြေတော်ရာ ကိုလာရောက်ဖူးမြော် ကြကုန်သော ရေကမ္ဘာ၊ ကုန်းကမ္ဘာ၊ လူနတ်သတ္တဝါတို့ ရေနှင့်ပတ်သက်သော ဆာလောင်မှု မဖြစ်စေခြင်းငှာ မိမိဒူးတုပ်ရာ ကျောက်သားပြင်ပေါ်၌ အဓိဌာန်ပြုလျက် ရေကိုဖြစ်စေငှာ ဒူးတုပ်ရေတွင်း၊ မြတ်စွာဘုရားရှင် လာရောက်စဉ် က တရားဟောကြား ရာနေရာကို ကျောက်ပလ္လင်၊ ရှင်တော်မြတ်စွာကို တောင်ခြေ တောအုပ်မှ နေ၍ ဆင်မင်းကဖူးမြော်ရန် အလို့ငှာ ပဒုမ္မာကြာပန်းကို ခူးဆွတ်၍ ကမ္ဘာလှတောင်ပေါ်သို့ ခရီးအပြင်းနှင်းလာခဲ့ရာ တောင်ထိပ် တွင် ဘုရားရှင်အား ဖူးမြင်ခွင့်မရဘဲ ဘုရားရှင်၏ ခြေတော်ရာ ကိုသာ ဖူးတွေ့ခွင့် ရခဲ့ပြီး မိမိအပြစ်ကို နောင်တအကြီးအကျယ်ရပြီး မြတ်စွာဘုရားရှင်၏ ခြေတော်ရာ ကို အကြိမ်ကြိမ် ဦးခိုက် ပူဇော်ကန့်တော့၍ အစာရေစာပင် မစားသောက်၍ ခုနှစ်ရက်တာမျှ တရားကျင့်ကြံ၍ အားအင်ချည့်နဲ့နေရှာသော ဆင်မင်းခမျာ စိတ်လက်ညှိးငယ်စွာဖြင့် တောင်ခြေသို့ ပြန်လာရာ တောစပ်တစ်နေရာ၌ ယိုင်လဲ၍ မြတ်စွာဘုရားရှင် ကြွချီသွားရာ ဌာနဆီသို့ ရည်မှန်းချက် လက်အုပ်ချီ ကာ၀ပ်တွား ပူဇော်ရင်း အနိစ္စရောက်ရသည့် ဆင်မင်း ၀ပ်တွားရာ နေရာကို ကျောက်ဆင် ဟူ၍ ထူးခြားထင်ရှားချက်များကို တွေ့မြင် ရနိုင်ပါသည်။
ကမ္ဘာ့လှတောင်ပေါ်ရှိ (၁၀၈) ကွက် စက်လက္ခဏာနှင့် ပြည့်စုံသော ဗုဒ္ဓ၏ ဝဲဘက်ခြေတော်ရာ အတိုင်းအတားမှာ သမိုင်းတွင်သည့် ရှင်တော် ဗုဒ္ဓ၏ အတိုင်းအတာနှင့် တူညီနေခြင်း၊ ခြေတော်ရာတွင် စက်လက္ခဏာများကို တွေ့ရှိ ရခြင်း၊ ခြေရာတော်သည် မတိမ်း မစောင်း မမောက်မခွက်ဘဲ ဖဝါးတော် ညီညွတ်၍ လွတ်လပ်သော အရာမထင် တစ်ပြင်လုံး ထိလျက်တပြေးညီရှိခြင်း၊ သံသယစိတ်ဖြင့် တိုင်းတာလျှင် တိကျမှန်ကန်မှု မရှိခြင်း၊ ခြေထိပ်ရှိ တွင်းထဲသို့ ရေများ မည်မျှပင်လောင်းထည့် သော်လည်း ပြည့်လျှံသည်ဟုမရှိခြင်း၊ ယင်းတွင်း ထဲသို့ အပ်ချည်လုံးချည်မျှင်ကို ချကြည့်သော်လည်း အပ်ချည်လုံး ကုန်ဆုံးသွားသည့်တိုင် မဆုံးနိုင်ခြင်း၊ လပြည့်လကွယ် အခါကြီး ရက်ကြီးများ၌ ပါဒစေတီတော် တွင် ရောင်ခြည်တော် များ ကွန့်မြူးခြင်း၊ လပြည့်လကွယ် အရုဏ်ဦး အချိန် တွင် စက်တော်ရာ ကုန်းတော်ပေါ်၌ စောင်းသံ၊ ဗုံသံ၊ဆိုင်းသံများ ကြားရခြင်း၊ လပြည့် လကွယ်နေ့များတွင် ခေါင်းလောင်း ထိုးသူများမရှိဘဲ မြည်ဟည်းနေတတ်ခြင်း တို့က သမိုင်း၀င် ကျော်ကြားသည့် အထောက် အထား များဖြစ်ပြီး၊ တောင်ပေါ်၌ ကမုန်းမျိုးစုံ ပေါများခြင်း၊ ထူးခြားသည့် စမ်းရေများ ထွက်ရှိခြင်း၊ တောင်ပေါ်၌ အမွေး ရနံ့များ သင်းပျံ့နေခြင်း၊ ပွဲတော်ရက်အတွင်း ဘုရားဖူးသူ တို့ မည်မျှ များပြားစေကာမှု ပြည်ကျပ်သည်ဟု မရှိခြင်း ၊ အမြင့်ဆုံး ဟုထင်ရသော တောင်များကို ဤ ကမ္ဘာလှတောင်ထိပ်မှ ကြည့်လျှင် နိမ့်နေသည်ဟု ထင်ရခြင်း၊ တန်ခူးလရောက်တိုင်း ဘုရားပွဲတော် ကျင်းပပါက တောင်တော် မြည်ဟည်း နေတတ်ခြင်း၊ မြွေဆိုး၊ မြွေဟောက်၊ ကင်း အစရှိသည့် အဆိပ်ရှိ သတ္တဝါများ မတွေ့ရခြင်း၊ ပါဒစက်တော်ရာ တောင်ပေါ်သို့ တက်ရောက်ရာ၌ မောပန်းချွေးရွဲသော်လည်း တောင်ထိပ် သို့ ရောက်လျှင် အရိပ်တကာတို့တွင် အအေးငြိမ်းဆုံး အရိပ်ဖြစ်သည့် မြတ်ဗုဒ္ဓ ၏ အရိပ်သို့ ရောက်ရှိရခြင်း၊ ပါဒခြေတော်ရာအား ဖူးမြင်ရခြင်းတို့ကြောင့် တစ်ခဏအတွင်း ကိုယ်စိတ် လန်းဆန်း ငြိမ်းချမ်းခြင်း၊ စက်တော်ရာပွဲတော်ကျင်းပပြီး နောက်တစ်နေ့တွင် စက်တော်ရာ တောင်ပေါ်၌ မိုးရွာသွန်း၌ စက်တော်ရာ တောင်ပေါ်ရှိ အညစ်အကြေးအားလုံးကို မိုးရေဖြင့် ဆေးကြောခြင်း စတဲ့ ထွေပြား ထူးဆန်းတဲ့ လက္ခဏာဖြင့် ပြည့်စုံသည့် ကမ္ဘာလှတောင် တန်း ဖြစ်ပါသည်။
အမြင့်ပေ ၁၃၁၂.၄ ပေရှိသော ဗုဒ္ဓခြေတော်ရာရှိရာ ကမ္ဘာလှတောင်ပေါ်သို့ တက်ရောက် ရန် လူသွားလမ်း (တောင်တက်လမ်း)က ၁ မိုင်နှင့် ၄ဖာလုံ လှေကားထစ်ပေါင်း (၁၃၀၉)ထစ်ဖြင့် စက်တော်ရာ ဘုရား၏ တောင်ဘက် တွင် ဆရာတော် ဦးနန္ဒဝံသ ဦးဆောင်မှုဖြင့် စတင်ဖောက်လုပ်ခဲ့ပြီး၊ စေတနာရှင် မိဘပြည်သူများရဲ့ ငွေအား၊လုပ်အား အကူအညီများဖြင့် လည်းကောင်း ၊ မော်တော် ကားလမ်းကိုတော့ ၂၀၀၉ခုနှစ်က ၂ မိုင် ၆ ဖာလုံ ကို ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး စီစဉ်ညွှန်ကြားမှု ဖြင့် မြေသားလမ်း ဖောက် လုပ်ခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဉက္ကဌ ဦးထင်အောင်ကျော် ဦးဆောင် ညွှန်ကြားမှု ဖြင့် မြေသားလမ်းမှ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး၊ စက်တော်ရာ အတက် မော်တော်ကားလမ်းမှ မော်တော် ကားများ၊ မော်တော် ဆိုင်ကယ်များဖြင့် အလွယ်တကူ တက်ရောက် နိုင်ပြီး သက်ကြီး ရွယ်အိုများ အလွယ်တကူ စက်တော်ရာ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါ သည်။
ပုလောမြို့နယ် လုံးဆိုင်ရာ ကမ္ဘာလှတောင်ပါဒစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ် နှစ်ဦးပွဲတော် အဖြစ် အစဉ်အလာ မပျက် နှစ်စဉ် ဧပြီလ (၁၈) ရက်နေ့မှ မေလ (၂) ရက်နေ့ အထိ ကျင်းပခဲ့ပြီး၊ ကိုဗစ်−၁၉ ကပ်ရောဂါဆိုး မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အထိ (၁၅၀) ကြိမ် မြောက် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်းနှင့် သမိုင်း မ၀င်သော်လည်း သမိုင်း၀င် ကျော်ကြား သည့် တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ် စက်တော်ရာ ကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာဘုရား ကို သံသရာအေးဖို့ အရေး တစ်ခေါက်တစ်ခါ အရောက်လာ မနှေးအတူ ဖူးမြော်ကြည်ညို ကြပါရန် တိုက်တွန်း နိုးဆော်လိုက်ရပါသည်။
ပုလော ပြန်/ဆက်