အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ မေ ၁၉

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က ပညာရေးစနစ်အားနည်းမည်ဆိုပါက ပြည်သူလူထု၏ အသိပညာနိမ့်ကျပြီး  တိုင်းပြည်ဖွံဖြိုးတိုးတက်မှုနိမ့်ကျမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အနှောင့်အယှက်ပြုသူများ သွေးထိုးလှုံ့ဆော်သူများ ရှိနေသည်ကိုလည်း ကြားသိရပါကြောင်း၊ မိမိတို့အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေလ ၂၄ ရက်နေ့မှစ၍ အခြေခံပညာစာသင်ကျောင်းများကို ကျောင်းအပ်နှံရေးစတင်လက်ခံသွားမည် ဖြစ်ကြောင်း၊ စာသင်ကျောင်း၊ ကျောင်းသား/သူများနှင့် ဆရာ/မများအတွက် လုံခြုံစိတ်ချရမှုသည် အရေးကြီးကြောင်း၊ ကျောင်းဥပဓိရုပ်နှင့် သန့်ရှင်းသာယာလှပရေး၊ သင်ကြားမှု သင်ယူမှု အပိုင်းတို့သည်လည်း အရေးကြီးကြောင်း၊ သင်ကြားရေးအတွက် ပျက်ကွက်သွားသည့် ဆရာ/မများနေရာတွင် အစားထိုးပြန်လည်ခန့်အပ်သွားရမည် ဖြစ်ကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာအစီအမံများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပြီး အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းအလိုက် သက်ဆိုင်ရာမိဘဆရာ အသင်းများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး က လုံခြုံရေဆိုင်ရာကိစ္စရပ်များ ကိုလည်ကောင်း၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်း က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံလိုအပ်ချက်များကိုလည်ကောင်း၊ အဖွဲ့ဝင်(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော် က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်မည့် ကာကွယ်စောင့်ရှောက်မှု အစီအမံများကိုလည်ကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးငွေစိုး က အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ခရိုင်၊ မြို့နယ် ပညာရေမှူးများက ဒေသအလိုက်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)