ပဲခူး မေ ၁၉
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှု မရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြှင့်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရ မည်ဖြစ် ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျ ဖြစ်ပေါ် လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ် လျက်ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ ယခုအချိန် ကတည်းက စက်မှုဇုန်ဖော်ဆောင်မည့်နေရာများ ရှာဖွေထားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရေး ဒေသတစ်ခုနှင့်တစ်ခု အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု မရှိစေရန်နှင့် လက်ရှိစက်မှုဇုန်/စက်မှုနယ်မြေများအတွင်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ ခရိုင်အလိုက် စက်မှုဇုန်များ၊ စက်မှု နယ်မြေများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကောင်စီအဖွဲ့ဝင်များမှ စက်မှုဇုန်ဥပဒေနှင့်အညီ ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားရ မည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)