ကသာမြို့ရှိ ဖရဲသီးရောင်းချသူများ ယခင်နှစ်များထက် အရှုံးပေါ်နေ

ကသာ မေ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော ဖရဲသီးများကို ကသာမြို့ပေါ်၌ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးရောင်းချသူများအနေဖြင့် ယခင်နှစ်များထက် အရှုံးပေါ်နေ ကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရသည်။

"ဒီမှာရောင်းတဲ့ ဖရဲသီးတွေကတော့ ဒီမြို့နယ်အတွင်းမှာ ထွက်တဲ့အသီးတွေဖြစ်တယ်။ ဒီနေရာမှာ ဖရဲသီးရောင်းခဲ့တာလည်း ကြာပြီ။ ဒီနှစ်ဖရဲသီးရောင်းရတဲ့ဈေးကတော့ အရင်နှစ်တွေလို လမ်းပန်း မပွင့်တာကြောင့် ရောင်းသူတွေအနေနဲ့ အရှုံးများပြီး အမြတ်ငွေမရတဲ့အပြင် ရင်းထားတဲ့ ငွေပမာဏ ပြန်ရဖို့ ယခုအချိန်အထိ ရောင်းချရတယ်"ဟု ဘူတာဈေးအတွင်း ဖရဲသီးရောင်းချသူ တစ်ဦးထံမှ သိရသည်။

ဖရဲသီးများကို ဖေဖော်ဝါရီလမှစ၍ မေလကုန်အထိ ရောင်းချရပြီး ယခုနှစ်တွင် ဖရဲသီးတစ်လုံးလျှင် ငွေ(၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ယခုနှစ်တွင် ဖရဲသီး ဝယ်ယူသူနည်းပါးသည့် အတွက် ဖရဲသီးများကို ယခင်နှစ်များလောက် မရောင်းချရဘဲ ဖရဲသီးတစ်ဆင့်ခံ ရောင်းချသူများ အနေဖြင့် အရှုံးပေါ်မှုများ ဖြစ်နေကြောင်း သိရသည်။

ကသာခရိုင်