ဘားအံမြို့နယ်အတွင်းရှိ သမိုင်း၀င်သဘာ၀ရသေ့ပျံဂူသို့ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ လည်ပတ်နိုင်

ဘားအံ     မေ    ၁၉

ကရင်ပြည်နယ်အတွင်းသာမက ဘားအံမြို့နယ်တွင် ထူးခြားထင်ရှားသည့် သဘာဝ ရှေးဟောင်း ဂူဘုရားများရှိသည့်အနက်  နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်မှုရှိသော ဘားအံမြို့ အနောက်ဘက်ကမ်း၊ သံလွင်တံတားထိပ်၊ ဖားကပ်ကျေးရွာ လမ်းခွဲမှတစ်ဆင့် သွားနိုင်သော ရှေးမွန်ဘုရင် မနုဟာမင်းကိုးကွယ်ခဲ့သည့် လောကီပညာရပ်ဈာန်ဖြင့် ပျံနိုင်ပြီး ဆရာရသေ့တစ်ပါးမှ စတင်ခဲ့ရာမှ ရသေ့ပျံဂူဟု အမည်တွင်ခဲ့သည့် သမိုင်းဝင်ဂူသည်   ဂူတစ်လျှောက် လေ၀င်လေထွက် ကောင်းပြီး ၀င်ထွက်သွားလာနိုင်သည်။ အဆိုပါဂူသည် ကိုဗစ်ကာလတွင် ယာယီပိတ်ထားခဲ့ပြီး ယခုအခါ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်၀င်ရောက် လည်ပတ်နိုင်ပြီဖြစ်သည်။

(၇၅)ပေခန့်အကျယ်ရှိသည့် ရသေ့ပျံဂူအဝကို အမြင့်ပေ(၁၅၀)ကျော်ခန့် အုတ်လှေကားဖြင့် တက်သွားရသည်။ ဂူအတွင်းတစ်လျှောက်မှာ ကျယ်ဝန်းကာ တစ်ဖက်တောင်စွန်းအထိ သွားနိုင်သည်။ ယင်းသဘာ၀ ကျောက်လိုဏ်ဂူတွင် ရှေးဟောင်းနံရံ အုတ်ခွက်ဘုရားများ ရှိခြင်းနှင့် တရားထူးရသော ရသေ့တစ်ပါးသည် တောင်ကိုဖောက်၍ ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားခြင်း သမိုင်းအကြောင်းများကြောင့် ရသေ့ပျံဂူဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဂူဝမှ စတင်ဝင်ရောက်လျှင် အပေါ်မှ ကျောက်အမိုးပေါက်တစ်ခုကို တွေ့မြင်နိုင်ပြီး အောက်ဘက်တွင် စေတီတော်အား ဖူးမျှော်နိုင်သည်။ စေတီတော်၏ ညာဘက် အောက်ပိုင်းတွင် ခုနစ်ဆူဘုရား၊ ရသေ့ကြီးဆေးထောင်းသော ကျောက်ဆုံ တစ်ခုအား ဘုရားဖူးများက ရောဂါပျောက်သည်ဟု ယုံကြည်ကာ ပွတ်သတ်သွားကြလေ့ရှိသည်။ ဂူတစ်လျှောက်သွားလျှင် လေဝင်လေထွက်ကောင်းပြီး အနံ့အသက်ကင်းကာ တစ်ဖက်ဂူဝ မရောက်ခင်ပင် လေတဖြူးဖြူးဖြင့် အေးချမ်းစေသည်။ တစ်ဖက်ဂူဝရောက်ရန် အနည်းငယ် အမြင့်အတိုင်း တက်သွားရပြီး ရသေ့သမီးဂူဝမှ ညာဘက်လူသွားလမ်းကျဉ်းကို ပေ ၂၀ခန့် ဖြတ်သွားလျှင် ၁၅ ပေခန့် ကျယ်သည့် လိုင်ဂူခန်းငယ်တစ်ခုရှိပါသည်။ ထိုနေရာတွင် ကျောက်ထိုင်ခုံ တစ်ခုနှင့် ရသေ့မှောက်ထားခဲ့သည့် ဆေးသွေးကျောက်ပြင်ကို တွေ့မြင်နိုင်ကာ လှိုင်ခန်းငယ်နှင့် ရသေ့သမီးဂူဝတွေမှ ပေ ၂၀၀ ခန့်ရှိ တောင်ခြေ အင်းပြင် ကျယ်ကြီးကို တွေ့မြင်နိုင်သည်။

သမိုင်းကြောင်းကို အကျဉ်းအားဖြင့် သက္ကရာဇ် ၄၁၉-တွင် သထုံဘုရင် မနုဟာမင်းကို အနော်ရထားမင်း စစ်အောင်နိုင်ခဲ့ပြီး မင်း၊ မိဖုရား၊ ပိဋကတ်တော်၊ ဓာတ်တော်မွေတော်၊ ဆင်းတုတော်၊ ဆင်ဖြူတော်၊ ကျမ်းဂန်တတ်ရဟန်း သာမဏေများ၊ ပန်း(၁၀)မျိုး အတတ် ပညာသည်၊ အနုပညာသည်များကို ရရှိခဲ့သည်။ ထိုအထဲတွင် သူရိယစန္ဒာမင်းလက်ထက်မှ မနုဟာမင်းလက်ထက်အထိ သထုံမင်းဆက်များ မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့သည့် ဇိနမာရ်အောင် ဆင်းတုတော်တစ်ဆူမှာ အနော်ရထာပင့်ဆောင်သည့် အထဲတွင် မပါဝင်ခဲ့ပေ။ အကြောင်းမှာသထုံကို အနော်ရထာဘုရင်ဝိုင်းသည့်အချိန်တွင် ဆင်းတုကို ဗုဒ္ဓဉာဏ ရသေ့သည် သူ့၏တန်ခိုးဖြင့် ဇင်းကျိုက်တောင်တွင် ပင့်ဆောင်ကိုးကွယ်ခဲ့ရာမှ ကော့ဂွန်းဂူ အနားရှိ သရက်ဖြူရွာ တောင်လိုဏ်ဂူသို့ ရွှေ့ထားလိုက်သည်။ ဗုဒ္ဓဉာဏရသေ့သည် ထိုဂူတွင် နေစဉ် အနော်ရထာဘုရင်၏ စစ်သည်များက ဇိနမာရ်အောင်ဆင်းတုတော်ရရှိရေး ဗုဒ္ဓဉာဏရသေ့ မထွက်ပြေး နိုင်အောင် ဂူ၀နှစ်ဖက်ကို ပိတ်ဆို့ခံထားခြင်းကြောင့် ရသေ့ကြီး သည် သူ့၏ဈာန်အဘိဉာဏ်နှင့် ဆင်းတုတော်ကို ပွေ့ပိုက်လျက် ဂူအပေါ်တည့်တည့်မှ ပျံတက်သွားခဲ့သည်။ ထိုသို့  ရသေ့ပျံတက်သွားခြင်းကို အစွဲပြုပြီး သရက်ဖြူရွာရှိ ရသေ့ပျံ ရွာဂူကို ရသေ့ပျံဂူဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြဖြစ်ကြောင်း သိရသည်။

 ဘားအံ(ခရိုင်)