တနင်္သာရီမြို့၌ (COVID-19) ရောဂါကာကွယ်ဆေး (တတိယ)အသုတ်၊ (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း ဆောင်ရွက်

တနင်္သာရီ မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (COVISHIELD) (COVID-19) ရောဂါ ကာကွယ်ဆေး (တတိယ) အသုတ်၊ (ဒုတိယ)အကြိမ် ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ထိုးနှံပေးရာ သံဃာတော် (၁၀)ပါး၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း (၄၂)ဦးနှင့် ဒေသခံပြည်သူ(၇၂၄)ဦး၊ စုစုပေါင်း(၇၇၆)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ (COVISHIELD) ကာကွယ်ဆေး ထိုးနှံပေးရာတွင် မောတောင်တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာသီဟအောင်နှင့် ညောင်ပင်ကွင်းကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမြတ်သီလတို့မှ ကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ သားဖွား ဆရာမများ၊ ကြီးကြပ်(၂)တို့ က ကာကွယ်ဆေးထိုး နှံပေးကြပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စနစ်တကျ Mask တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆေးမထိုးရအုပ်စု စိစစ်မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ပေး ပြီးမှ ကာကွယ်ဆေးထိုးနှံပေးကြကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးပါက ဆေးဓာတ်မတည့်ခြင်းနှင့်ဆေး၏ ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မိနစ်(၃၀)အကြာ စောင့်ကြပ်ကြည့်ရှုပေး ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)