ရှမ်းရွာသစ် မေ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ကို မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ စနေနေ့အထိ နံနက်(၉)နာရီခွဲမှ ညနေ(၄) နာရီအထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ထား ရှိပေးလျက်ရှိကာ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ ၊ အပျော်ဖတ်ဝတ္ထုများ၊ ရုပ်ပြများ၊ သုတစာပေများ စသည်ဖြင့် သုတ/ရသ အမျိုးအစားစုံလင်သော စာအုပ်စာစောင်ပေါင်း ရှစ်ထောင်ကျော်ဖြင့် စာပေချစ်ပရိတ်သတ်များ ဖတ်ရှုငှားရမ်းနိုင်ရန် ပြန်လည်ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အခမဲ့ အသင်းဝင်ရောက်ပြီး မိမိစိတ်ကြိုက် သုတ/ရသစာအုပ်များကို လာရောက်ငှားရမ်းနိုင်ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)