မြိတ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူများ လမ်းသွားလာရာတွင် နှာခေါင်းစည်း စနစ် တကျ တပ်ဆင်သွားစေရန်အတွက် Mask Campaign ပညာပေးဆောင်ရွက်

မြိတ် မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် လမ်းသွားလမ်းလာ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် Mask Campaign အသိပညာပေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာဈေးအရှေ့ အောင်ဆန်းလမ်းမတွင် ဆောင်ရွက်ခဲ့ ကြသည်။

Mask Campaign ပညာပေးအစီအစဉ်ကို နှာခေါင်းစည်း မတပ်ဆင်သည့် လမ်းသွားလမ်းလာနှင့် ဈေးသွားဈေးလာ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန် ပညာပေး၍ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ(၃)ဦးရှိပြီး ၄င်းတို့သည် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

Mask Campaign အသိပညာပေးခြင်းကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီဒုတိယ ရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသည့်   ပြည်သူများအား ပညာပေး၍ နှာခေါင်းစည်း(၁၆၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)