မင်းဘူး မေ ၁၉
သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းသည် မိရိုးဖလာ ရိုးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာအရ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ မပါမဖြစ်သော အသုံးအဆောင် ပစ္စည်းဖြစ်၍ နိုင်ငံခြားမှ တင်သွင်းလာသော ဖယောင်းပုဆိုး၊ လီနိုလီယမ်စသော ကြမ်းခင်းပစ္စည်းများ မည်သို့မျှပင်လှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ထားသိုရန်လွယ်ကူခြင်း၊ တန်ဖိုးမများပဲ အသုံးခံခြင်းမရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်သားများသည် သင်ဖြူးဖျာကို ယနေ့တိုင်စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြသည်။
ရွံ့နွံထူထပ်သောစိမ့်မြေများ၌ပေါက်ရောက်မှုများ
သင်ဖြူးဖျာကို သင်ပင်မှ ရက်လုပ်ကြရပြီး ထိုသင်ပင်များကို မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်နှင့် တနင်္သာရီတိုင်းရှိ ရွံ့နွံထူထပ်သော စိမ့်မြေများ၌ စိုက်ပျိုးကြပြီး ပေါက်ရောက်မှုလည်း ပိုများလေသည်။ သင်ပင် ကိုမူ သင်ပင်များပေါက်သောတောမှခုတ်၍ သယ်ယူလာသော သင်ချောင်း များကို နှစ်တောင့်လက်လေးသစ်၊ နှစ်တောင့်ထွာ၊ နှစ်တောင့်နှစ်မိုက် စသည် ဖြင့် အတိုအရှည် အမျိုးမျိုးရှိပြီး ကိုယ်လိုချင်သောအရှည်ကို အညီအမျှ ဖြတ် ယူကာ ကြီးငယ်အလိုက် အလယ်အူတိုင်ကို ချန်လှပ်ပြီး သုံးခြမ်းမှ ငါးခြမ်းအထိ ဓားဖြင့် ခွဲစိတ် ထုတ်ယူကြရသည်။
အစည်းစည်း၍ပုံထားခြင်းကိုသင်မသည်
အူလှီးပြီးသောသင်များကို သုံးရက်ခန့်နေလှန်း၍ ခြောက်သွေ့သွားသောအခါ သင်စိတ်များ လိပ်၍တက်လာပြီး အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းသွား လေသည်။ ခြောက်သွေ့သွားသော သင်ချောင်းများကို အချောင်း ၄၀၀၊ (သို့) ၅၀၀ ရေတွက်၍ အစည်း စည်း၍ပုံထားခြင်းကို သင်မသည်ဟုခေါ်သည်။ ဖျာတစ်ချပ်ရက်လျှင် သင်ချောင်း ၄၀၀ စည်း ( ၂ )စည်းကုန်လေသည်။ ခွာထုတ်ပြီးသော သင်ကြောများသည် ဖျာရက်ရန် အသင့်ရှိပြီဟု ဆိုသော်လည်း ဝါးလုံးတန်းများတွင် တစ်ရက်နေလှန်းပေးရသေးသည်။ ခြောက်သွေ့သွားသော သင်ချောင်းများ အရောင်ဖွေးလာပါ က ပုံစံကွက်ဖော်၍ ရက်လုပ်ရန် အရောင်ဆိုးသူများလည်း ရှိပေသည်။
နှစ်လွှာပေါင်း၍ကွတ်ခြင်းကိုသင်ဖြူးဖျာဟုခေါ်သည်
ခြောက်သွေ့သွားသော သင်ချောင်းများကို ကြိုးဖြင့်စည်း၍ အထုံးများထုံးကာ သိမ်းထားရသည်။ သင်ဖြူးဖျာများ ရက်လုပ်တော့မည့် အခါကျမှ သင်ထုံးများ ကို ထုတ်ယူကာ ရေသင့်တော်ရုံဆွတ်၍ ရက်လုပ်ရသည်။ ရေမဆွတ်ဘဲ ရက်လုပ်ပါက သင်ချောင်းများ ကြွပ်ဆတ်ဆတ်ဖြင့် အကိုင်မခံဘဲ ကွဲတတ် ကျိုးတတ်၍ ရက်လုပ်ရာတွင် သေသေသပ်သပ် မဖြစ်နိုင်ပေ။ တချို့သင်ဖြူးဖျာ များကို နှစ်ဖက်စလုံး သင်ချောဖြင့်ရက်လုပ်၍ နှစ်ဖက်ချောဟုခေါ်ပြီး၊ တချို့က မူ တစ်ဖက်ကသင်ကြမ်း တစ်ဖက်က သင်ချောများနှင့် ရက်လုပ်ကြသဖြင့် တစ်ဖက်ချောဟု ခေါ်လေသည်။ အပေါ်အောက် နှစ်ဖက်စလုံး ရက်လုပ်ပြီး ထိုနှစ်လွှာကို အနီရောင်ချည်ကြိုးဖြင့် ကွတ်ထားခြင်းကို သင်ဖြူးဖျာတစ်ချပ်ဟု ခေါ်သည်။
မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်
မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာလုပ်ငန်း၌ ထင်ရှားသော မြို့နယ် များမှာ ပန်းတနော်၊ ဓနုဖြူ၊ လေးမျက်နှာ၊ ဟင်္သာတမြို့များဖြစ်ပြီး မအူပင် မြို့နယ် များလည်း သင်ဖြူးဖျာများထွက်သေးသည်။ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှ သင်ဖြူးဖျာ လုပ်ငန်းသည် အရေးပါသော အသက်မွေးဝမ်း ကျောင်း လုပ်ငန်းတစ်ရပ်ဖြစ်ပြီး သင်ဖြူးဖျာရက်လုပ်ခြင်းသည် လယ်ယာ လုပ်ငန်းနည်းတူ တစ်နှစ်စာ ဝမ်းရေးအတွက် လုံလောက်သည့် မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သည်ဟု သိရသည်။
ဇေယျာထက် (မင်းဘူး)