မြဝတီမြို့ ဗိုလ်ချုပ်လမ်းမကြီးအား နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်

မြဝတီ မေ ၁၈

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဓိကမိန်းလမ်းမကြီး နှစ်ခုဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးနှစ်ခုတွင် နိုင်လွန်ကတ္တရာ ခင်းနိုင်ခြင်းမရှိသေးသည့် ဗိုလ်ချုပ်လမ်းမကြီးအား နိုင်လွန် ကတ္တရာခင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ကာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ယခုကဲ့သို့ နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ခြင်းကို တင်ဒါအောင် ဆုံဆည်းမြိုင်ကုမ္ပဏီမှ အကျယ် ၂၂ ပေ နှင့် အရှည် ၁ ဒဿမ ၁၄ မိုင်အထိ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုများအား မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူးနှင့် တာဝန်ရှိသူများ၊ တာဝန်ခံအင်ဂျင်နီယာ ဦးသိန်းနိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြဝတီမြို့တွင် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည် ဘုရင့်နောင်လမ်းမကြီးပြီးလျှင် ယခု ဗိုလ်ချုပ်လမ်းသည် ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြဝတီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)