တောင်ငူ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင် ခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ သင်တန်းပြုလုပ်ကြောင်း သိရသည်။
သင်တန်း၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသူများက တစ်ဦးချင်း မိတ်ဆက်ရှင်းလင်းသည်။ ယင်းနောက် သင်တန်းနည်းပြများက အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် အကြမ်းဖက်သည့် ပြုလုပ်မှုများအား တားဆီးကာကွယ်နိုင်ရေး၊ အမျိုးသမီး၏ လူမှုစီးပွားဘဝကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား /မရေးရာ တန်းတူညီမျှရေး နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုလက်ခံနိုင်စေမည့် လုပ်ငန်းစနစ်များ၊ ဖွဲ့စည်းပုံ များနှင့် လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်ကြသည့် သင်တန်းသားများနှင့်အတူ အသီးသီးဆွေးနွေးကြသည်။
သင်တန်းသို့ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှ တာဝန်ခံများ စုစုပေါင်း ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းကို တစ်ရက်တာ အဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)