မြောင်းမြ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဌာနဆိုင် ရာတာဝန်ရှိသူများ အနေဖြင့် မိမိတို့ဌာနများနှင့် ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် လုံခြုံမှုရှိစေရေး၊ မကြာမီအချိန်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်၍ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက် ရမည့် အချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေး က နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသည့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူး မောင်မောင်စိုး က မြို့နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် လုံခြုံရေးနှင့် ပတ်သက်ပြီး အလေးထား ကူညီဆောင်ရွက် ပေးသွားရန်၊ ဌာနဆိုင်ရာ အဆောက်အဦ လုံခြုံရေးနှင့် ဝန်ထမ်းများ လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် ထူးခြားမှု အခြေအနေရှိပါက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ အချိန်နဲ့တစ်ပြေးညီ သတင်း ပေးပို့သွားရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများမှ လက်ရှိ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အကြောင်းအရာများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စန္ဒာကြည်(မြောင်းမြ)