သနပ်ပင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရန် အသိပညာပေး လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဈေးတံတားလမ်းဆုံနှင့် မြို့မဈေးအတွင်း၊ လူစည်းကားရာ နေရာများ၌ နှာခေါင်းစည်း(mask) များ အခမဲ့ဖြန်ဝေခဲ့ကြသည်။
အဆိုပါ (Mask) များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မင်းထွန်း ဦးဆောင်၍ မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ဈေးအတွင်းဆိုင်ခန်းများ၊ ဆိုင်ကယ်ကယ်ရီဂိတ်များ၊ ဈေးအဝင်အဝ၊ လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေခြင်း၊ (Mask) တပ်ဆင်လာခြင်းမရှိသူများကို (Mask)များ တပ်ဆင်ပေးခြင်း၊ မိမိတို့နိုင်ငံသည် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုမြင့်မားနေသည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် (Mask) ကို စနစ်တကျ တပ်ဆင်ပြီးမှ ဈေးရောင်းဈေးဝယ်များ ပြုလုပ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာသာယာ ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းများ ပူးပေါင်း၍ (Mask) အခု (၃၀၀)အား လူစည်းကားရာ နေရာများ၌ အခမဲ့ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)