ပုလဲမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ ကျင်းပ

ပုလဲ မေ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှု အောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ    စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ      ဦးမောင်မောင်လင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က  ရည်ရွယ်ချက်   ကြီးမားစွာဖြင့် ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ဖွင့်လှစ်ပေးနေသောသင်တန်းဖြစ်သည့်အတွက်   သင်တန်သူများက နိုင်ငံတော်၏စေတနာကို နားလည်သဘောပေါက်ပြီး    သင်တန်းကျောင်းက    ပို့ချမည့်    ဘာသာရပ်များကို     ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူကြပြီး   မိမိတို့  နေရပ်ဒေသသို့    ပြန်လည်ရောက်ရှိချိန်မှာ   ကျွမ်းကျင် တတ်မြောက်ခဲ့သော အတတ်ပညာများဖြင့် မိသားစုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍    ပုလဲမြို့၊    အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊      ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိ သူများသည် သင်တန်းသူများအား  ရင်းရင်းနှီးနှီးနှုတ်ဆက်၍   အားပေးစကားပြောကြားခဲ့ပြီး သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ     သင်တန်းဖွင့်ပွဲသို့     စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဦးမောင်မောင်လင်း၊ အဖွဲ့ဝင်(၁)  ဗိုလ်မှူးကြီး ဝင်းတင်စိုး၊   အဖွဲ့ဝင်(၂) ဒေါ်ရီရီသန်း၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ် အဆင့်   ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းအုပ်နှင့်  နည်းပြများ၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ မေလ (၁၇) ရက်နေ့မှ စက်တင်ဘာလ (၁၇) ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။

မြင့်သိန်းစိုး