အုတ်ဖို မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်မြို့ ပန်းခြံ ဆိပ်ခံဘောတံတားမှ သဘာဝရေပြင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပြည်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်းကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ (၁)သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၃)သိန်း စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။
အောင်သူ(အုတ်ဖို)