စစ်ကိုင်း မေ ၁၈
စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာ သစ်ဆိမ့်ချောင်ကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဆုတောင်းပြည့် “မြဆုမွန်” စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ၊ ဓမ္မာရုံရေစက်ချလှူဒါန်းပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၇) နာရီက အဆိုပါ ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းမြို့ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တဂုဏအမှူးပြုသော ပင့်သံဃာတော်များ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် ဧည့်ပရိတ်သတ်အပေါင်းက အခမ်း အနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများကို လည်းကောင်း၊ ထီးတော်ကြီး၏ ဘုံအဆင့်ဆင့်အား အလှူရှင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်ဇနီး ဒေါ်မိုးစန္ဒာဝင်း တို့ကိုယ်စား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လယ်တီကျောင်း ဆရာတော်ထံမှ (၉) ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်များ ရွတ်ပွား သရဇ္ဇျာယ်ချီးမြင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ် ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ သစ်ဆိမ့်ချောင် အတွက်လှူဒါန်းသော အလှူငွေကျပ်(၅)သိန်းနှင့် ဆွမ်းဆန်တော် (၁၀)အိတ်တို့ကို ဆရာကြီး ဒေါ်သီလကန္တီအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မန္တလေးမြို့၊ မဟာသုန္ဒရာ ရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ) (ဇေယျာလူမှုထူးချွန်-ပထမအဆင့်) လက်ပန်းတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓ ထံမှ ရေစက်ချ အနုမောဒနာတရားများနာယူ ကြည်ညိုခဲ့ကြကာ ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက စေတီတော်၏ထီးတော် ဘုံအဆင့် ဆင့်အား တင်လှူမည့်နေရာသို့ပင့်ဆောင်ကြကာ မင်္ဂလာအချိန်တွင် အမွှေးနံ့သာရည်များဖြင့် ပူဇော်ပြီး စေတီတော်အထွဋ်သို့တင်လှူပူဇော်ခဲ့ကြသည်၊ ဆက်လက်၍ ပင့်သံဃာတော်အရှင်သူမြတ် များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကာ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းခရိုင်