ထားဝယ် မေ ၁၈
Southern Power Grid Co;Ltd က ပလောက်ချောင်းရေအားလျှပ်စစ်စီမံကိန်း အကြိုစူးစမ်းလေ့လာမှုနှင့် PPA စာချုပ်များရေးထိုးနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က Southern Power Grid Co;Ltd က လာရောက်ဆွေးနွေးသည့်အတွက် ကြိုဆိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီးအသီးသီးတွင် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေး ဆောင်ရွက်ပေးရန် မှာကြားထားကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် လျှပ်စစ်ထုတ်လုပ်ထားနိုင်ရန် ကြိုဆိုရမှာဖြစ်ကြောင်း၊ ထိခိုက်မှု အနည်းဆုံးနှင့် အကျိုးသက်ရောက်မှု အများဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် Southern Power Grid Co;Ltd က ပလောက်ချောင်း ရေအားလျှပ်စစ်စီမံကိန်း အကြိုစူးစမ်းလေ့လာမှု မှတ်တမ်းနှင့် PPA စာချုပ်များရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)