နတ်မောက် မေ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (EM) ဘိုကာ ရှီ မြေဆွေးပုံများ လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က စျေးသာကျေးရွာနှင့် အောင်ဆန်း ရပ်ကွက်ရှိ တောင်သူများအား လက်တွေ့ပြုလုပ် အသိပညာပေး ဆောင်ရွက်ပေးခဲ့ သည်။
“ကျွန်မတို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခုလို (EM) ဘိုကာရှီ မြေဆွေးပုံများ ပြုလုပ် ပေးရတာကတော့ တောင်သူများရဲ့ မြေဆီလွှာအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်၊ သဘာ၀မြေဆွေးကို လယ်ယာမြေများမှာ အသုံးပြုမှု တိုးတက်လာစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်စေရန် ကျေးရွာများတွင် သစ်ရွက်၊ အမှိုက်များ အလေအလွင့်မရှိဘဲ အကျိူးရှိရှိ အသုံးချ တက်စေရန် (KC) အသိပညာပေး စင်တာများအလိုက် နတ်မောက်မြို့နယ် စိုက်ပျိုး ပညာပေး ဝန်ထမ်းများက မိုးရာသီစိုက်ပျိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန် လက်တွေ့ ကွင်းဆင်း ပြုလုပ်ပေးနေတာဖြစ်တယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောကြားခဲ့သည်။
သင်းသင်းမြတ်