ချောက် မေ ၁၈
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ခုနှစ် သီးနှံစိုက်တောင်သူများ မိုးလို/မိုးခေါင်မှုကြောင့် သီးနှံအလိုက် ပျက်စီးဆုံးရှုံးများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးမြင့်မြတ်သင်းက တောင်သူများ သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများအတွက ်နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာအကူအညီများ လိုအပ်ပါက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသို့ အချိန်မရွေး အကူညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်တွင် မြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးစိုးသိန်းနှင့် တာဝန်ရှိသူတို့က ချောင်းတက်ကျေးရွာမှ နှမ်းသီးနှံပျက်စီးဆုံးရှုံးမှု ၁၅ ဧက၊ တောင်သူ ၇ ဦး၊ တောင်သာကျေးရွာမှ နှမ်းသီးနံပျက်စီးဆုံးရှုံးမှု ၃၇ဧက၊ တောင်သူ ၃၂ ဦး၊ မကျီးကုန်းကျေးရွာမှ ပဲတီစိမ်းသီးနှံ ပျက်စီးဆုံးရှုံးမှု ၁၆၁ဧက၊ တောင်သူ ၁၁၉ ဦး စုစုပေါင်းဧက ၂၁၃ ဧက၊ တစ်ဧကငွေကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၀၆၅၀၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့သည်။
တောင်သူများကိုယ်စား ချောင်းတက်ကျေးရွာ တောင်သူဦးခင်မောင်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရပြီး ကျန်ရှိနေသည့် သီးနှံပျက်စီးဆုံးရှုံးသော ကျေးရွာများကိုလည်း ထောက်ပံ့ငွေ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး