ပွင့်ဖြူမြို့နယ်အတွင်း  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုတ်မပျက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ  မေ  ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကုန်စည် စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မေ ၁၇ ရက်၊ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများရှိ ဒေသခံ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက် ရမည့်အချက်များ၊  နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသည့် ပြည်သူများ နိုင်ငံသားစိစစ်‌ ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်း စီမံချက်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ ကျေးလက် ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ၊  ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ ရပ်မိရပ်ဖများ၊ အခြေခံပညာ ကျောင်းများရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)