မကွေးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

မကွေး မေ ၁၈

မကွေးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလဆန်းပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများ၌ မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျောင်းသန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ပေးကာ ဆရာ/ဆရာမများမှလည်း ကျောင်းသန့်ရှင်းရေး၊ ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်မှုရှိသည့်အနက် မေလ ၁၇ ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သာမန်နှစ်များတွင် KG တန်းတက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ (၅၀) ဦးနှင့် (၆၀)ဦးကြားရှိပြီး ယခုနှစ် COVID-19 မပြီးဆုံးသေးသည့် ကာလတွင် Social Distancing အဖြစ် KG တန်းအတွက် (၁)ခုံလျှင် ၃ဦးနှုန်းဖြင့် တစ်ခန်းတွင် ၄၅ ဦး စာသင်ဆောင်ယာယီသတ်မှတ်ကာ စီစဉ်ထားရှိခြင်း၊ စာသင်ခန်းအတွင်း ကလေးများ လှုပ်ရှားမှုအတွက် ကစားစရာများနှင့် TV များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အထက်တန်းများအတွက် တစ်ဦးနှင့်တစ်ဦး (၄) ပေအကွာထိုင်နိုင်ရေး၊ ကျောင်းအဝင်နှင့် စာသင်ခန်းရှေ့ လက်ဆေးဘေစင် အသင့်လုပ်ဆောင်ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှကျောင်းသား/ကျောင်းသူများ အတွက် ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှားခေါင်းစည်း (Mask)နှင့် မျက်နှာအကာ(Face Shield)တို့ကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ ကောက်ခံမှုလုံးဝမရှိကြောင်း သိရသည်။

မကွေးခရိုင်