ပုသိမ် မေ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၈ နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင်” နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလန်းများရရှိရေး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးပြီး အမျိုးသမီးငယ်များအား အိမ်တွင်းသက်မွေး လုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် အဆင့်မြင့် အိမ်တွင်းစက်ချုပ်သင်တန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ပထမအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ရပ်ဝေးနေသင်တန်းသူများကို အဆောင်စီစဉ်ပေးပြီး စားသောက်စရိတ် အခမဲ့ အပြင် သင်ထောက်ကူပစ္စည်းများကိုလည်း ဦးစီးဌာနအစီအစဉ်ဖြင့် အခမဲ့ထောက်ပံ့ပြီး ပညာရပ် များ သင်ကြားပေးသည့်အတွက် အချိန်ကို တန်ဖိုးရှိစွာအသုံးချပြီး ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူစေလိုကြောင်း မိမိတို့ လေ့လာတတ်မြောက် ထားသည့် ပညာရပ်များဖြင့် မိမိတို့ ရပ်ရွာ/မြို့နယ်/ဒေသကို ပြန်ရောက်သည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တတ်နိုင်သမျှ လုပ် ဆောင်ကြရန်” မှာကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း များ၊ သင်ခန်းစာနမူနာ ဒီဇိုင်းလက်ရာများအား ကြည့်ရှုကြသည်။ အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်တန်းသူ ၃၀ ဦးတက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၈ ပတ်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။
မြင့်ဟန်