မင်းလှမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေး

အထက်မင်းလှ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉) နာရီက မင်းလှမြို့နယ် (ကပစ-၂) မလွန် ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းလှမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစန်းမင်း နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာ တွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရ မည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်မင်းလှမြို့နယ် (ကပစ-၂) မလွန်မှ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား (၁) ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် ကျား (၂၂)ဦး၊ မ(၁၈)ဦး ၊ပျောက်ဆုံး၊ ပျက်စီးထုတ်ပေး ကျား (၁၀)ဦး၊ မ (၄၂)ဦးစုစုပေါင်း (၉၃)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို မေလ(၃)ရက်နေ့မှစတင်ကာ ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်းမင်းလှမြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးစန်းမင်းထံမှသိရသည်။

ဇာဇာ(အထက်မင်းလှ)