မင်းဘူး မေ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာရှိ မြတ်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဌာပနာ၍ တည်ထားသော သာသနာ့သမိုင်းဝင် သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီးသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေမှု အခြေအနေများကြောင့် နိုင်ငံတစ်ဝန်းမှ အခြားစေတီများ နည်းတူ ဖူးမြော်ခွင့် ယာယီ ပိတ်ထားခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖူးမြော်ကြည်ညိုလျက်ရှိကြပြီး ကြည်ညိုစရာ ကောင်း သော သမုဒ္ဒဂီရိစေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းမှာ ဤသို့ဖြစ်သည်။
အခါတပါး၌ ဗုဒ္ဓဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူစဉ် ဝါဏိဇ္ဇဂါမရွာမှ သူကြွယ်တစ်ဦးဖြစ်သော မဟာပုဏ္ဏ သူကြွယ်သည် ကုန်ရောင်း ကုန်ဝယ် သွားလာရင်း ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်များကို နာကြားရ၍ သာသနာ့ဘောင်ဝင်ပြီး ရဟန်းတရား အားထုတ်ခဲ့ပေသည်။
မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားထံခွင့်ပန်၍ ဝါဏိဇ္ဇဂါမသို့ ပြန်ကြွတော်မူခဲ့ပြီး ဒုတိယ သတင်းသုံးတော် မူခဲ့သည့် ယခုအောက်ကျောင်း သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီး၏ တည်နေရာ ၌ပင် ဝသီငါးပါးနှင့် လောကီ အဘိဉာဏ် တန်ခိုးများဖြင့် ပြည့်စုံပြီး တောရကျောက်ကုန်း နေရာတွင် ရဟန္တာမထေရ်မြတ်ကြီး ဖြစ်တော်မူခဲ့ ပေသည်။
မဟာပုဏ္ဏမထေရ်မြတ်လည်း အဘိဉာဏ်တန်ခိုးဖြင့် မိမိပရိနိဗ္ဗာန် စံရမည့် အချိန်ကာလကို သိတော်မူ၍ သီတင်းသုံးတော်မူခဲ့သော ယခု အောက်ကျောင်း သမုဒ္ဒဂီရိအရပ်သည် သာသနာ တော်ကြီး ထွန်းလင်းမည်ကို မြင်တော်မူသဖြင့် နောင်လာနောင်သား ဝေနေယျအများတို့အား ဖူးမြော်ကိုးကွယ်စိမ့်သောငှါ မပျောက်မပျက် အမြဲတည်ရှိနိုင်သော အရာတစ်ခု ပေါ်ပေါက်ပါစေ သတည်းဟု အဓိဌာန်ပြုလိုက်ရာဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား၊ မြသားဆင်းတု (ဉာဏ်တော် သန်တောင်) ရှိသော ဥဒ္ဒိဿကစေတီတော်တစ်ဆူ ရှင်ပုဏ္ဏရဟန္တာမြတ်၏ ကျောင်းသင်္ကန်းတွင် ကိန်းဝပ်စံပယ်တော် မူလေသည်။
မဟာပုဏ္ဏမထေရ်မြတ်လည်း ဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား မြသားဆင်း တုတော်ကို အုတ်လိုဏ်ဂူ ပြုလုပ်စေပြီး သာသနာတော်ကို ယုံကြည်ကိုးစားသော ဘုန်းသမ္ဘာနှင့်ပြည့်စုံသော မင်းကောင်း မင်းမြတ်တို့ ဥဒ္ဒိဿကစေတီတော်အဖြစ် ကိုးကွယ်ကြကုန်သတည်းဟု ပရပိုက်တွင်ရေးသွင်း အဓိဌာန်ပြုခဲ့သည်။
ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာ ယခု ဖောင်တော်ဦး စေတီ အရပ်တွင် ဖောင်တော် ဆိုက်ကပ်ပြီး မဟာပုဏ္ဏ မထေရ်မြတ် အဓိဌာန်ဖြင့် ပေါ်လာသော ဗုဒ္ဓကိုယ်စား နိမ္မိတရုပ်ပွား မြသားဆင်း တုတော်များ ဖူးမြော်ရသဖြင့် အံ့ဘွယ်ထားကဲရှိလှပြီး ပီတိသောမနဿ ဝေဖြာလျက် မြသားဆင်းတုတော်နှင့် အုတ်လိုဏ်ဂူတော်ကို ခြုံငုံလျက် ဉာဏ်တော် ၄၈ တောင် ၁၇ လက်သစ်ရှိသော စေတီတစ်ဆူ တည်ခဲ့ပြီး စေတီတော်မြတ်ကြီးအား ဇရပ်၊ တန်ဆောင်း၊ သိမ်၊ စင်္ကြန်လေးဌာန စီရင်လှူဒါန်းခဲ့ပြီး ဝတ္တကံမြေများ၊ စေတီပယ်မြေ၊ ဆီမီးဝတ်၊ သင်းပုတ်ဝတ်များကိုလည်း လှူဒါန်းပူဇော်ခဲ့ပေသည်။
သမုဒ္ဒဂီရိ စေတီတော်မြတ်ကြီးသည် နှစ်ပေါင်းများစွာ တိမ်မြုပ်တော်မူခဲ့ပြီး ဆရာတော် ဦးသီလလက်ထက် တောရကျောင်း ဆောက်တည်ရာတွင် အလောင်းစည်သူမင်းကြီး တည်ထား ခဲ့သော စေတီငုတ်တိုကြီးကို ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းပြီး ၁၂၅၁ ခုနှစ် အသစ်ပြုပြင် တည်ထားကိုးကွယ်၍ ၁၂၅၇ ခုနှစ် တပိုတွဲလပြည့်နေ့တွင် ဉာဏ်တော် ၁၀၈ တောင်မြင့်သော စေတီတော်ကြီးကို ရွှေထီးတော်နှင့် စိန်ဖူးတော်တစ်ကြိမ်၊ ၁၃၅၇ ခုနှစ် တပိုတွဲ လဆန်း ၃ ရက်နေ့တွင် ရွှေထီးတော်နှင့် စိန်ဖူးတော်တစ်ကြိမ် ထပ်မံတင်လှူခဲ့ပြီး အရံစေတီတော်ပေါင်း ၉၆ ဆူရှိကာ ဘုရား တန်ဆောင်း ကန်ကျောင်းများဖြင့် စည်ဝေဖြာလျက် ကြည်ညိုဖွယ်ကောင်းသော မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာ သမုဒ္ဒဂီရိမြစေတီမြတ်ကြီးအား ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများ အေးချမ်းသာယာစွာ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိကြပါတော့သည်။
ဇေယျာထက် (မင်းဘူး)