လပွတ္တာ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပ

လပွတ္တာ          မေ             ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊       ကွပ်ကဲမှုအောက်ရှိ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီ အချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)ဦးအုန်းမြင့်မှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို အိမ်တွင်းမှုကျောင်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှုအတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယင်းအသိပညာအတတ်ပညာများဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းသော တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်တို့ဖြင့် မိမိတို့အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထား လေးစားမြတ်နိုးတတ်သော အမျိုးသမီးကောင်းများစွာ ပေါ်ထွက်စေခဲ့ပြီး လက်မှုအတတ်ပညာများ  ကိုပါ မိမိဒေသအလိုက် လက်ဆင့်ကမ်း ဖြန့်ဝေစေခြင်းဖြင့် တိုင်းရင်းသူလေးများ၏ဘဝကိုအလှဆင် ပေးသကဲ့သို့ နယ်စပ်ဒေသအသီးသီးကိုလည်း အကျိုးပြုလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်သူဇာနွယ်မှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)နှင့် ဌာနဆိုင်ရာများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းခေတ်မီဒီဇိုင်း လက်ရာများကို ကြည့်ရှုခဲ့သည်။ သင်တန်းသို့ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလ  မှာ ရက်သတ္တပတ်(၁၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်