ဘားအံ မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြည်သူ့စာကြည့်တိုက်ကို COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ စာအုပ်စာပေငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရကာ ယခု အခါ မေလ ၃ ရက်နေ့မှ စတင်ပြီး COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။
ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ထိ နံနက်(၉:၃၀) နာရီမှ ညနေ (၄:၃၀)နာရီချိန်အထိ ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် Online Facebook Page မှ စာအုပ်အသစ်များ ရောက်ရှိလာပါက ကြော်ငြာပေးခြင်း၊ စာအုပ်မိတ်ဆက်ခြင်း ၊ စာအုပ်ဖတ်ပြခြင်း အစီအစဉ်များ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်းအစီအစဉ်များကို နေ့စဉ်တင် ဆက်ပေး လျက်ရှိသည်။
ဘားအံခရိုင်ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်များနှင့်ကလေး အကြိုက် ရုပ်ပြစာအုပ်များ စုစုပေါင်း (၂၁၇၂၀)အုပ်ရှိပြီး မည်သူမဆို ပြည်သူ့စာကြည့်တိုက်သို့ အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်