အိမ်မဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးကမိတ်ဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းများဖြစ်သော မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ဇွန်လ(၁)ရက်နေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ရေးအကြောင်း၊ ကျောင်းသား/သူများ ကျောင်းအပ်နှံချိန်တွင် အခမဲ့ပေးမည့်ပစ္စည်းများကို တစ်ပါတည်းပေးရန်နှင့် မည်သည့်ငွေကြေး မည်သည့်ပစ္စည်းမျှ ကောက်ခံခြင်း၊ ရောင်းချခြင်းမပြုရန် အကြောင်းအစရှိသည့် ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက ကျောင်းအပ်နှံရေးကိစ္စရပ်များအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပညာရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အလားတူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်ခရိုင်ပညာရေးမှူးတိုမှ အ-ထ-က(၂) ပညာ့ဗိမာန်ခန်းမ၌ မြို့နယ်ပညာရေး ဝန်ထမ်းများနှင့် ရင်းရင်းနှီနှီး တွေ့ဆုံပြီး ကျောင်းအပ်နှံရေး ကိစ္စရပ်များအကြောင်းကို ရှင်လင်းပြောကြား ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)