ကန်ကြီးထောင့် မေ ၁၇
ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် အိုလံပစ်နေ့အထိမ်းအမှတ် ရပ်ကွက်အလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မြို့နယ်ဘောလုံးအားကစားကွင်းတွင် မေလ ၁၅ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲများကျင်းပခဲ့သည်။ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းအားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးအောင်သိန်းဝင်းနှင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့် ရှု အားပေးခဲ့ကြသည်။
ထို့နောက် ကန်ကြီးထောင့်မြို့နယ်အတွက် တိုင်းအား/ကာဦးစီးဌာနမှ ပေးအပ်သော အားကစားပစ္စည်းများကို ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မိုးကပေးအပ်ရာ မြို့နယ် အားကစားမှူး ဦးအောင်သိန်းဝင်းကလက်ခံရယူပြီး ဘောလုံးပြိုင်ပွဲကို ကျင်းပသည်။ ကွင်းဖွင့်ပွဲ ပထမနေ့အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့်အမှတ် ၆ ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၃ ဂိုး၊ ၁ ဂိုး ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့အသင်း ဌာနဆိုင်ရာတစ်သင်းနှင့် ရက်ကွက်အသင်း ၇ သင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇွန်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဇင်မာ(ပြန်/ဆက်)