ကျောက်တံခါးမြို့၊ နွန်းနီးယားကျေးရွာ၌ နေအိမ် (၅)လုံး မီးလောင်မှုဖြစ်ပွား

 
ကျောက်တံခါး မေ ၁၇
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဂနက်ကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေးရှိ နွန်းနီးယားကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
 
မီးလောင်မှုဖြစ်ပွားရာသို့ မြို့မစခန်းမှူး ဒုရဲမှုးထွန်းလင်းခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်ခန့် တွင် မီးထိန်းနိုင်ခဲ့ပြီး ၃နာရီခွဲတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။
 
မီးစတင် လောင်ကျွမ်းရသည့်ဖြစ်စဉ်မှာ ဒေဝိုးကူးမာရ် နွန်းနီးယားကျေးရွာ ဂနက်ကျေးရွာ အုပ်စု၊ ကျောက်တံခါးမြို့နယ်နေသူ၏ ၁၅ ပေ ပတ်လည်ရှိ သက်ကယ်မိုး ထရံကာ မြေစိုက် တဲအိမ်၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့၍ အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၄)လုံး သို့ မီးကူးစက်လောင်ကျွမ်းခဲ့၍ စုစုပေါင်းနေအိမ်(၅)လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးထံမှ သိရသည်။
 
မြို့နယ် (ပြန်/ဆက်)