ကော့သောင်း မေ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကော့သောင်း မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြဝင်း တက်ရောက် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကော့သောင်းခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်း ကျောင်းအုပ် နှင့်ဆရာမများနှင့်သင်တန်းသူ(၂၄)ဦးတက်ရောက်သည်။
အဆိုပါသင်တန်းအား သင်တန်းကာလ (၄)လကြာ သင်ကြား ပို့ချပေး သွားမည် ဖြစ်ပြီး ကော့သောင်းခရိုင် နယ်စပ်ဒေသရှိ ငယ်ရွယ်သူ အမျိုးသမီးလေး များ အား အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင်စီးပွားရေး အဆင့်အထိ လုပ်ကိုင်ဆောင်ရွက် နိုင်ကြပြီး ရေရှည်ဘဝ ရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲ နွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှ စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်စိုး (ကော့သောင်း)