မင်းလှမြို့တွင် ပထမအကြိမ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ

မင်းလှ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် သံဃာနာယကအဖွဲ့မှ ကြီးမှုးကျင်းပသော ဇရစ်ချောင်း‌ကျေးရွာအုပ်စု၊ သံတံတား ဦးဘုန်းတော်ကြီးကျောင်းတိုက်တွင်  ပထမအကြိမ်ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဆင်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး၊ သံတံတားဦးကျောင်းတိုက်ဆရာတော် ဦးသီဟဉာဏက သီလပေးဩဝါဒစကားများ ပြောကြားသည်။ ကျောင်းသားကျောင်းသူများက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားပို့ချ‌ပေးသော သံတံတားဦးကျောင်းတိုက်ဆရာတော်၊ အ.မ.က ဆင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာနှင့်ဆရာ ဆရာမများကို ရှစ်ခိုးတောင်းပန်‌ကန်တော့ခဲ့ကြ သည်။

ထို့နောက် မြို့နယ်သာသနာရေးမှူး ဦးတင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးလှဌေးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းလက် မှတ်နှင့် စာရေးကရိယာပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိနေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီချိန်ထိ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ ပထမအဆင့်၊ ယဉ်ကျေးလိမ္မာဗုဒ္ဓဓမ္မ သင်ခန်းစာအလယ်တန်းအဆင့်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး၊ အငယ်တန်း (၃၈) ဦး၊ အလတ်တန်း(၂၉)ဦး၊ အကြီးတန်း (၁၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၆) ဦး တတ်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)