ပခုက္ကူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီအိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍သင်တန်းကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ဖွင့်လှစ်ပို့ချသည်။
သင်တန်းဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ (လ.ဝ.က)ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များနှင့် ကျင့်ဝတ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင ့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခေတ္တခရိုင်ဦးစီးမှူး ဦးကျော်မြင့်ဦး က “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ အကြောင်းနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ငါးဦးတို့က “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အကြောင်းနှင့်ပတ်သက်၍အသီးသီးရှင်းလင်း သင်ကြားပို့ချပေးကြရာ သင်တန်းသား/သူများ က သင်ခန်းစာများအပေါ် ပြန်လည်ဆွေးနွေးတင်ပြကြပြီး အပြန်အလှန်ဆွေးနွေး ကြကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း”စီမံချက် လုပ်ငန်း ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် ကိုင်ဆောင်လက်မှတ် အမှတ်များမပါရှိဘဲ အမည်ပါဝင်သူများအနက်မှ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်းမရှိသော်လည်း ဥပဒေအရ မဲပေးခွင့်ရှိ၍ မဲစာရင်း၌ ထည့်သွင်း ထားသည့် ကျူးကျော်နေထိုင်သူများ၊ အိမ်ထောင် စုလူဦးရေစာရင်းရှိပြီးသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက် ရှိသူများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပြုလုပ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း မဲစာရင်းအရ ဆောင်ရွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ ဦးရေ ၂၉၇၉ဦး၊ ဆောင်ရွက်ရန်ကျန်ရှိသူဦးရေ ၁၃၀၃၈ဦး၊ ထပ်တိုးလာမည့် အသက်(၁၈)နှစ်နှင့် အထက် ဦးရေ ၈၄၁ဦး၊စီမံချက်ဖြင့် ဆောင်ရွက်ရမည့် စုစုပေါင်းဦးရေ ၁၆၈၅၈ဦးနှင့် ခရိုင်အတွင်း မဲစာရင်းအရ ဆောင်ရွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူဦးရေ ၁၀၄၀၁ဦး၊ ဆောင်ရွက်ရန်ကျန်ရှိသူဦးရေ ၁၄၀၂၂ဦး၊ ထပ်တိုးလာမည့် အသက် (၁၈)နှစ်နှင့်အထက် ဦးရေ ၂၈၂၅ဦး၊ စီမံချက်ဖြင့်ဆောင်ရွက်ရမည့် စုစုပေါင်းဦးရေ ၂၇၂၄၈ဦး ရှိကြောင်း၊ ထိုသင်တန်း တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား/သူ ဝန်ထမ်း ၅၉ဦး တက်ရောက်ကြပြီး စီမံချက်လုပ်ငန်းများကို ၂၀၂၁ခုနှစ် မေလမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်အထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်