ကော့ကရိတ် မေ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ကြီးမှူးကျင်းပသည့် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ကော့ကရိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အား (၃.၅.၂၀၂၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါပန်းခင်း စီမံချက် ဆောင်ရွက်ရာတွင် ပထမဦးစားပေးကျေးရွာအုပ်စု (၂၃)အုပ်စု၊ ဒုတိယဦးစားပေးကျေးရွာအုပ်စု (၁၆)အုပ် စုတို့ အား မိမိတို့ တိုက်နယ်မှူး များက ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ စာရင်းကောက်ကာလမှာ တစ်လရှိပြီး လုပ်ငန်းဆက်လက် ဆောင်ရွက်ရန် ကြာမြင့်မည့်အချိန်ကာလ ကိုးလရှိကြောင်း၊ တတိယဦးစားပေး ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၅)အုပ်စုတို့အား ပဲခူးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးမှ ဝန်ထမ်းများက လာရောက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက် / ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးမရှိသူများကို ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ အနေဖြင့် စာရင်းကောက်ယူရာတွင် စာရင်းအချက်အလက်မှန်ကန်ရန်လိုအပ်ကြောင်း၊ ပန်းခင်းစီမံချက်မှာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်း အောင်မြင်မည် ဖြစ်ကြောင်း၊ သွားလာရခက်ခဲသည့်နေရာများကို ကြိုတင်စီစဉ် ထားရန်လိုအပ်ကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့ သွားရောက်နိုင်ခြင်းမရှိပါက မိမိတို့၏ အခက်အခဲများကို တင်ပြမှသာ အဆိုပါအခက်အခဲများကို ခရိုင် / မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အကြမ်းဖျဉ်းစီမံချက်၊ အသေးစိတ်စီမံချက်များနှင့် မိမိတို့ဌာနမှ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက် / အုပ်ချုပ်ရေးမှူးများ၊ စာရေးများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)