လှိုင်းဘွဲ မေ ၁၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှစနေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ထားရှိပေးလျက်ရှိကာ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ် ထုတ် ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ် ဝတ္ထုများ၊ ရုပ်ပြများ၊ သုတစာပေများစသည်ဖြင့် သုတရသ အမျိုးအစားစုံလင်သော စာအုပ် စာစောင်ပေါင်း တစ်သောင်းကိုး ထောင်ကျော်ဖြင့် စာပေချစ်ပရိသတ်များ ဖတ်ရှု ငှားရမ်းနိုင်ရန် ပြန်လည်ဝန်ဆောင်မှုပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အခမဲ့ အသင်းဝင်ရောက်ပြီး မိမိစိတ်ကြိုက်သုတ/ရသ စာအုပ်များ ကိုလာရောက် ငှားရမ်းနိုင်ပါကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)