ဝန်းသို မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲနည်း( Village Development Planning )သင်တန်းများကို ၂၀၁၇ ခုနှစ်၌ ကျေးရွာများအားလုံးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျေးရွာ အလိုက် ဖွံ့ဖြိုးရေးစီမံချက်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရင်းနှီးမြုပ်နှံမှုအစီအစဉ်အရ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာစီထောက်ပံ့ပေးပြီး မိမိကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ရွေးချယ်စေ၍ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ရာ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း(၂၂)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာများအနက် မော်နိုင်းအုပ်စု၊ နောင်ကွင်းကျေးရွာတွင် အရှည်ပေ ၃၅၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ရွာတွင်း လမ်းများ ချောင်းသဲကျောက်ခင်းခြင်းခင်းခြင်းလုပ်ငန်းနှင့် ပုတိမ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းများ ကျောက်ရေ မြေခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဌာန အင်ဂျင်နီယာများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လိုက်လံရှင်းလင်း တင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
နောင်ကွင်းကျေးရွာနှင့် ပုတိမ်ကုန်းကျေးရွာတို့တွင် ဆောင်ရွက်နေသော ရွာတွင်းလမ်းများ ချောင်းသဲကျောက်ခင်းခြင်း၊ ကျောက်ရေ မြေခင်းခြင်းလုပ်ငန်းများမှာ ၇၅ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးဖြစ်ကြောင်း လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက နောင်ကွင်းကျေးရွာရှိ အိမ်ခြေ (၅၅)အိမ်၊ လူဦးရေ (၂၉၄) ဦးနှင့် ပုတိမ်ကုန်းကျေးရွာရှိ အိမ်ခြေ (၈၄)အိမ်၊ လူဦးရေ (၄၃၀) ဦးတို့အတွက် ယခင်ကထက်သွားရေးလာရေး ပိုမိုချောမွေ့လွယ်ကူလာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)