ပွင့်ဖြူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

 

ပွင့်ဖြူ          မေ         ၁၅

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်(ပွင့်သာမြေ) စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Club အဖွဲ့တို့ ပူးပေါင်းပြီး  ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က အားလပ်ချိန်တွင် ပြည်သူများ မိမိတို့အတွက် အကျိုးရှိမည့် သုတရသ စာအုပ်ကောင်း များကို ဖတ်ရှုကြစေလိုကြောင်း ၊ စာဖတ်ခြင်းသည် ကောင်းမွန်သောအရာပင်ဖြစ်ပြီး မိမိတို့ ပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း စာဖတ်ဖြစ်အောင် လက်ဆင့်ကမ်း အသိပေးစေလိုကြောင်း ၊ မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက်သည် ‌ပြည်သူများ စာပေအသိပညာတိုးပွားရေးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်(ပွင့်သာမြေ)စာအုပ်စာစောင်ချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုး က ဦးဆောင်ကာ စာရေးဆရာ ဦးသုခ ရေးသားသည့် ချယ်ရီအလှ စာအလှစာအုပ်တွင်ပါရှိသော သုတရသစာပေအကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ မြို့နယ်အတွင်းရှိ စာပျေစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေကာ စာဖတ်သူဦး‌ရေ တိုးပွားလာခြင်း ၊  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည်‌ဖြစ်ကြောင်း  မြို့နယ် (ပွင့်သာမြေ) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )