အနာဂတ်၏လေ့လာစရာ ရွာကြီးတစ်ရွာ ဖြစ်လာနိုင်သည့် ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးရွာ

 

ပွင့်ဖြူ   မေ   ၁၅

ရေပုတ်ကြီးရွာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် တည်ရှိပြီး ပွင့်ဖြူမြို့နှင့် တဆက်တည်းဖြစ်သော ရှောက်တော ကျေးရွာမှ ၈ မိုင်ခန့်ကွာဝေးကာ ကားဖြင့်သွားပါက မိနှစ် ၂၀ ခန့်မောင်းရကြောင်း သိရသည်။

ရှေးအခါက ရေဇလုတ်ကြီးရွာဟု ခေါ်ကြပြီး ရေဇလုတ်ကြီးရွာရယ်လို့ ခေါ်ရတဲ့ အကြောင်းရင်းက ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ ကန်ကြီးဟာ ငှက်တစ်ကောင်ရဲ့ အစာဇလုတ်ပုံ ဖြစ်နေတာကြောင့် ရေဇလုတ်ကြီးရွာဟု ခေါ်ဆိုရာမှ ကာလရွေ့လျောလာတဲ့အခါ ရေပုတ်ကြီးရွာရယ်လို့ အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ရေပုတ်ကြီးရွာရဲ့ ထူးခြားချက်မှာ တောခေါင်ခေါင်ရွာ မဟုတ်ပါဘဲ ရွာမှကလေးငယ်လေးများဟာ ရှေးရိုးစဉ်လာမပျက် ဝတ်စားဆင်ယင်ကာ နေထိုင်ကြခြင်းပင်ဖြစ်သည်။ ယောက်ကျားလေးများရော မိန်းကလေးများပါ ဆံပင်ကို ဆံရစ်ဝိုင်းထားကြသည်မှာ ငါးနှစ်သား အရွယ်မှဖြစ်ပြီး အိမ်ထောင်ကျသည့်အခါမှာတော့ မိန်းကလေးများက ဆံထုံးဆံတောက်တွေ ထားကြပြီး ယောက်ကျားလေးများကတော့ ဘိုကေဆံပင်ပုံ ပြန်ထားကြကြောင်း သိရသည်။

 ရေပုတ်ကြီးရွာဟာ အိမ်ခြေပေါင်း ၆၇၃ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၆၂၂ စုနဲ့ လူဦးရေ ၃၄၀၀ ကျော်ရှိကာ ဆံရစ်ဝိုင်းထားသူ ကလေးငယ် ၇၀၀ ကျော်တို့ဟာ ရှေးနှစ်ပေါင်း ၂၀၀ ကျော်အဘိုးအဘွားများ လက်ထက်မှ ယနေ့အချိန်အထိ ထိန်းသိမ်း လာခဲ့ကြတာဖြစ်ကြောင်း ရေပုတ်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း မိုးတွင်းမှာသာ စိုက်ပျိုးနိုင်ကြပြီး ဆောင်တွင်းနှင့် နွေရာသီများတွင် ရွာကကုန်းမြင့်ဖြစ်၍ ဆည်ရေမတက်သည့်အတွက် မစိုက်ပျိုးနိုင်ဘဲ မိရိုးဖလာ ရက်ကန်းလုပ်ငန်းများကိုသာ လုပ်ကိုင်ရကြောင်းလည်း သိရသည်။

ရွာ၏အရှေ့ဘက်တွင်ရှိသော ကန်ကြီး၏လှပမှု၊ ရွာ၏တင့်တယ်မှု၊ ရွာဦးထိပ်တွင်ရှိသော ဘုရား၊ တန်ဆောင်း၊ ကန်၊ ကျောင်းများ၏ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့်အပြင် ရွာမှကလေးငယ်လေးများ၏ ဆံရစ်ဝိုင်း ပုံလေးများဖြင့် ရိုးရာယဉ်ကျေးမှု အသွင်သဏ္ဍန်မပျက်စေပဲ ခရီးသွား ပြည်သူများအား ဆွဲဆောင်မှုအမှန် မလွဲဧကန် ပေးနိုင်တော့မည် ဖြစ်ပါတော့သည်။

ဇေယျာထက် (မင်းဘူး)