ပဲခူး မေ ၁၅
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့် အတူ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော် နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး "နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု"ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီ မြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄) နှစ်သက်တမ်းရှိပြီး စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော် ဖျက်ဆီးမှု ဒဏ်များ ကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ တစ်စတစ်စ ယိုယွင်းပျက်စီးနေပြီဖြစ်ကြောင်း၊ ဆက်လက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရှေးဟောင်း အမွေအနှစ် မြို့ရိုးနှင့်ကျုံးများအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ဟံသာဝတီ မြို့ဟောင်း ကျုံးများကိုပြန်လည်ဖော်ထုတ် တူးဖော်ခြင်းအားဖြင့် ပြည်သူများ အပန်းဖြေ နေရာတစ်ခု ဖန်တီးပေးခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား နောင်လာနောင်သားများ တန်ဖိုးထားတတ်စေရန်၊ ရှေးခေတ်က မြို့တစ်ခုတည်ရာတွင် မြို့တော်၏ အကာ အကွယ် တစ်ခုအပြင် ရေသွင်း၊ ရေထုတ်စနစ် ဆောင်ရွက်နိုင်ရန် ကျုံးကိုထည့်သွင်း တည်ဆောက်ခြင်းအား သိရှိစေရန်၊ ပဲခူးတိုင်း ဒေသကြီးတွင် တောင်ငူမြို့နှင့် ပဲခူးမြို့တို့သည် ကျုံးများနှင့် ပတ်လည် ကာရံထားသော ရှေးဟောင်းမြို့တော် ကြီးများပင် ဖြစ်ကြောင်း၊ ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခုအဖြစ် သန့်ရှင်းသာယာ လှပစေရေး မြို့ရိုးများ၊ ဂိတ်တံခါးပေါက်များ၊ ကျုံးများနှင့် ကျုံးပတ် လမ်းများ ပြန်လည် ဖော်ထုတ်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ရှေးဟောင်းမူရင်းပုံစံများ မပျက်စီးစေရန်လည်း အထူး သတိထား ဆောင်ရွက်သွားရန်နှင့် မိုးရာသီမရောက်မီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွားရန် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနရှိ တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးတူးဖော် ပြီးစီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)