ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

တောင်ငူ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ဖြင့် ဆောင်ရွက် သည့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများအား ကညင်မြောက်ကျေးရွာအုပ်စု ရှမ်းစုကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာ၌ ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း (VDP) လုပ်ငန်းဆောင်ရွက်သည့် ကျောက်ရော မြေခင်းခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကျေးရွာကော်မတီဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆောင်ရွက်ထားရှိသည့် ကျောက်ရော​မြေခင်းကျင်းမှုများအား အရည်အသွေး မှန်ကန်မှုရှိစေရေး၊ စီမံချက်များ အလိုက် အတိုင်းအတာ၊ ထုထည် မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်သည်။

အဆိုပါ ရှမ်းစုကျေးရွာ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအတွက် နိုင်ငံ​တော်ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်းနှင့် ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေများ​ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)