ကော့သောင်း မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကော့သောင်းခရိုင် အတွင်းရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က အဖွင့်ပြောကြားရာတွင် လုပ်ငန်းရှင်များ၊သူဌေးသူကြွယ်များဆိုသည်မှာ ဘဝပါရမီ အဆက်ဆက် ကုသိုလ်ကောင်းမှုများကြောင့်သာ ဖြစ်တည်လာကြခြင်းဖြစ်ရာ မိမိတို့လုပ်ငန်းဆောင်တာများ အောင်မြင် ဖြစ်ထွန်းတိုးတက်ကြီးပွားမှုအရ နိုင်ငံတော်သို့ အခွန်အခများ ပေးဆောင်ခြင်း သည်လည်း ကောင်းသောကုသိုလ်ပြုခြင်း တစ်မျိုးပင်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းကဏ္ဍအလိုက်လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းထုတ်လုပ်မှု အဆင့်မှသည် ကုန်ချောထုတ်လုပ်သည့်အဆင့်သို့ ကြံစီဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရ အဖွဲ့ အနေဖြင့် ခေတ်အဆင့်ဆင်မည်သည့် အစိုးရ နှင့်မျှမတူ ဘဲ လုပ်ငန်းများကို သွက်လက် မြန်ဆန်စွာဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပါကြောင်း၊ ဒေသအတွင်း အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်နေသူ များကို ဝိုင်းဝန်း ပူးပေါင်းဖေါ်ထုတ်ပေးစေလိုပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း များကိုရပ်ဆိုင်းထားခြင်းမျိုးမပြုလုပ်ကြဘဲ ဆက်လက် လည်ပတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းခွင်အခက်အခဲများကို တင်ပြခြင်းဖြင့် အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီပံ့ပိုး ဆောင်ရွက်မှုများလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာရေး ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏တင်ပြချက်များဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းတင်ပို့ရေးကဏ္ဍ၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ မြို့သောက်သုံးရေပေးဝေရေးကဏ္ဍ၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းကဏ္ဍ၊ မြို့နယ်စည်ပင်သာယာရေးကဏ္ဍများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာအလိုက်တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိဂုံးချုပ်ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၀)နာရီတွင်ရုတ်သိမ်းလိုက်သည်။ ဆက်လက်၍ အဆိုပါနေ့နံနက်(၁၀)နာရီက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက် ကမ်းနီးငါးလုပ်ငန်းဇုံအတွင်း တည်ဆောက်ပြီးစီးနေသည့် FOB ငါးလုပ်ငန်းစစ်ဆေးရေးတံတားသို့ရောက်ရှိရာ တံတားဆိုင်ရာ အချက်အလက်များကို လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားပြီး တိုင်းကောင်စီဥက္ကဋ္ဌ မှ ငါးဖမ်းငါးသယ်လှေများဆိုက်ကပ်ရပ်နားစစ်ဆေးရာတွင် အဆင်ပြေလွယ်ကူစေရေး၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့်အခွန်ဘဏ္ဍများတိုးမြှင့်ရှာဖွေပေးနိုင်ရေး၊ နှင့် တံတားရေရှည်တည့်တံ့ရေးပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများအလေးထားဆောင်ရွက်ကြရေး တာဝန်ရှိသူများသို့လမ်းညွှန်မှာကြားသည်။
ယင်းနောက် ကော့သောင်းမြို့၊ရွှေပြည်စိုးကျေးရွာ၊လေးမိုင် ရွှေတော်ဝင် တစ်သျှူးကုန်ချော ထုတ်စက်ရုံနှင့် သောက်ရေသန့်စက်ရုံ ၊သီရိမြိုင်ရပ်ကွက်၊ ငါးမန်းဖြူသောက်ရေသန့်ပုဂ္ဂလိက စက်ရုံများသို့ရောက်ရှိပြီး ကုန်ကြမ်းပစ္စည်းများအသုံးပြုကာ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအားလိုက်လံကြည့်ရှုစစ်ဆေးကာ မိမိတို့ထုတ်ကုန်ပစ္စည်းများပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး အရည်အသွေးပြည့်မီစွာထုတ်လုပ်ကာ ဈေးကွက်အတွင်းကျယ်ကျယ်ပြန့်ပြန် ဖြန့်ဖြူးနိုင်ရေး အလေးအနက်ထားဆောင်ရွက်ကြရန်တိုက်တွန်းလမ်းညွှန်မှုပြုခဲ့သည်။
ထိုနောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့သောင်းမြို့ဘုရင့်နောင်ရုပ်တုကုန်းမြေနှင့် ဘုရင့်နောင်အငူသို့ ရောက်ရှိပြီး ရုပ်တုကုန်းမြေစိမ်းလမ်းစိုရေးနှင့် မြို့၏အဓိကပြယုဂ်အဖြစ် သမိုင်းဝင် ဘုရင့်နောင်အငူပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရေး တာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး စက်လှေများဆိုက်ကပ်ရာတွင်အန္တရာယ်မဖြစ်ပေါ်စေရေး တံတား ကြံ့ခိုင်မှု လုပ်ငန်းများသတိပြုဆောင်ရွက်ကြရေး တာဝန်ရှိအဖွဲ့အစည်းများသို့လမ်းညွှန်မှုပြု ကာ ညနေ ပိုင်းတွင် သူဌေးကျွန်းပေါ်ရှိ ဂရင်းအက်ဒမန်သူဌေးကျွန်းအပန်းဖြေဟိုတယ် နှင့် ရတနာကျွန်းပေါ်ရှိ ၊ရတနာကျွန်းအပန်းဖြေဟိုတယ်များသို့ရောက်ရှိကာ လာမည့်ပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးလာချိန်ဟိုတယ်များပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေနှင့် သူဌေးကျွန်းပေါ်ရှိ ရေငန်ပုဇွန်မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကာ ပုဇွန် မွေးမြူရေးလုပ်ငန်းခွင်နှင့် နိုင်ငံခြားပို့ကုန်အဖြစ် ရေငန်ပုဇွန် တင်ပို့ရောင်းချနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာလုပ်ငန်း လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှုပြုခဲ့ကြောင်းသတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)