မြိုင်မြို့ရှိ တင့်ဆန်းချမ်းသာမြသီတာ သောက်သုံးရေကန်အား မြေသားတူးဖော် ဆယ်ယူ

 
မြိုင် မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၏မှီခိုအားထားရသော တင့်ဆန်း ချမ်းသာမြသီတာ သောက်သုံးရေကန်အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင် ကာ ယမန်နေ့မှ စတင်၍ မြေသားတူးဖော် ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။
မြိုင်မြို့ရေပေးဝေရေးစနစ်တွင် မြေအောက်ရေတွင်းများသာမက တင့်ဆန်း ချမ်းသာမြသီတာသောက်သုံးရေကန်ကိုလည်း မှီခိုအားထားခဲ့ရာ ယခင်နှစ် မိုးရွာသွန်းမှုနည်းပါးသောကြောင့် ကန် အတွင်းရေဝင်မှုနည်းပါးခဲ့ ရပြီး ရေခမ်း ခြောက်မှုများကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် မိုးဦးကာလ မိုးရွာသွန်းချိန်တွင် ရေသိုလှောင်မှုပမာဏ ပိုမိုဝင်ဆန့်နိုင်ရန် အဆိုပါကန်အား အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မြေသားတူးဖော်ဆယ်ယူခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြိုင်မြို့နယ်ဖွား ဦးတင်ဆန်း မိသားစုမှလှူဒါန်းမတည် ငွေ သိန်း(၅၀)ကျပ် နှင့် အလှူရှင် များစုပေါင်းလှူဒါန်းငွေ သိန်း(၁၀၀)ကျပ်ဖြင့် မြေသားလုပ်ငန်း (၁၅၀၀၀) ကျင်း အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး
အဖွဲ့မှ စီမံ၍ စက်၊ ယန္တရား များဖြင့် တူးဖော်ဆယ်ယူလျှက်ရှိကြောင်းသိရသည်။
သူရ(ပုံတောင်)