ဒေသခံတောင်သူများ လေ့လာနိုင်ရန် (ထူးဟဲစေးဟဲ) မျိုးသန့်မျိုးပွားစံပြဥယျာဉ်ခြံတွင် နှစ်ရှည်သီးနှံပင်များနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြသ

ကော့ကရိတ် မေ ၁၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကို လာ​ရောက်လေ့လာနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အမှတ် (၇) ရပ်ကွက် ခနိမ်းမူမြို့သစ်ရှိ (ထူးဟဲစေးဟဲ) မျိုးသန့်မျိုးပွားစံပြ ဥယျာဉ်ခြံတွင် နှစ်ရှည်သီးနှံပင်များနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြသထားကြောင်း မေ ၁၄ ရက်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံမှ သိရသည်။

 

ခရိုင်စိုက်ပျိုး​ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “တောင်သူများအနေနဲ့  သီးနှံတွေကို စိုက်ပျိုးတဲ့အခါမှာ အောင်မြင်ဖြစ်ထွန်းတယ်ဆိုတာကို သိရှိပြီး  ကိုယ်ကိုတိုင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးစေချင်တယ်။ စိုက်ပျိုးပြီးစားလို့ရတဲ့ အလေ့ကျင့်တွေရှိအောင်လို့ ဒီဥယျာဉ်ခြံမှာ စိုက်ပြထားတာ” ဟု ပြောကြားသည်။

 

အဆိုပါဥယျာဉ်ခြံတွင် ကျွဲကောပင် တစ်ဧက၊ စိန်တစ်လုံးသရက် တစ်ဧကနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်သည့် (ရွှေဖယုံ၊ နာနတ်၊ ကြက်ဟင်းခါးသီး၊ ဘူးသီး၊ ခရမ်းသီး၊ ခဝဲသီး၊ ရုံးပတေသီး၊ ပဲတောက်ပင်၊ ငရုတ်ပင်၊ မုန်လာ၊ ကမွန်းချဉ်၊ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ပင်)များကို တစ်ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

 

စိုက်ပျိုး​ရေးဦးစီးဌာနမှ ပေါက်ပန်းဖြူ၊ ကမွန်းချဉ်၊ သံပုရာနှင့် ရှောက်ပင်စသည့် ပျိုးပင်များကို ပျိုးထောင်ထားလျက်ရှိရာ ဇွန်လအကုန်တွင် အဆိုပါပျိုးပင်များကို ဒေသခံတောင်သူများအား အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စောအောင်မျိုးလွင် (ပြန်/ဆက်)