လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

လှိုင်းဘွဲ  မေ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့သော အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းများအား  ပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ် လက်ခံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(Mask)၊ Face Shield တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)