လိပ်သိုဒေသထွက် ကော်ဖီစေ့များ အထွက်နှုန်းကောင်းသော်လည်း စျေးကောင်းရနိုင်ရန် မျှော်မှန်း

လိပ်သို    မေ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်း အနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းအရ သီးနှံများစွာ ရှိသည့်အတွက် နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသအတွင်းရှိ ကော်ဖီပင်များသည် ရှေးဘိုးဘွားလက်ထက် ကတည်းက စိုက်ပျိုးလာခဲ့ကြသော်လည်း ကော်ဖီအထွက်နှုန်းတိုးတက်လာရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်  ကော်ဖီနည်းပညာဌာနတို့က မျိုးကောင်းမျိုးသန့်ရွေးချယ်မှု၊ စိုက်နည်းစနစ်၊ ဆွတ်ခူးပုံ မှန်ကန်ရန် အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကော်ဖီအထွက်နှုန်း တိုးတက်ခဲ့သော်လည်း ယခုနှစ်တွင် စျေးကွက် မရရှိခြင်းကြောင့် ကော်ဖီထုတ်လုပ် ရောင်းချသူများက ဝယ်လက်များသို့ ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ် (၃၀၀ဝိ/-) စျေးနှုန်းဖြင့် ‌ရောင်းချရကြောင်း သိရသည်။

ယခုနောက်ပိုင်း လိပ်သိုဒေသအတွင်း၌ တစ်ပိုင်တစ်နိုင် ကော်ဖီမှုန့်ပြုလုပ်သူ များပြားလာခြင်း၊ မြို့တွင်း ထုတ်လုပ်သည့် ကော်ဖီမှုန့်များကို  ဒေသတွင်း သောက်သုံးသူများပြားလာခြင်းနှင့် ဒေသထွက် လက်ဆောင်အဖြစ် ပေးပို့သူ များပြားလာခြင်းတို့ကြောင့်  တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံ စိုက်ပျိုးသူများက ကုန်းမြင့်ကော်ဖီ (ARABICA) နှင့် အခြားကော်ဖီအမျိုးအစားများကို စိုက်ပျိုးကြကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)