ပြည် မေ ၁၄
၂၀၂၁ခုနှစ် ပြည်ခရိုင် "ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား" (၆)မြို့နယ် အသက် ၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မင်္ဂလာရွှေပြည် အားကစားကွင်း၌ ကျင်းပပြုသည်။
မေ ၈ ရက်က စတင်ကျင်းပခဲ့သော အဆိုပါဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ပြည်မြို့နယ် အသင်းနှင့် သဲကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်မြို့နယ်အသင်းက သဲကုန်းမြို့နယ်အသင်းကို ၃ဂိုး -ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပထမဆုရရှိသော ပြည်မြို့နယ်အသင်းအား တံခွန်စိုက်ဖလား၊ ငွေသားဆုကျပ်(၁၀)သိန်းနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရရှိသော သဲကုန်းမြို့နယ်အသင်းအား ငွေသားဆုကျပ်(၇)သိန်းနှင့် တစ်ဦးချင်းဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲစဉ်တစ်လျှောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့ကိုလည်း တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)