မြဝတီ မေ ၁၄
ကရင်ပြည်နယ် မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက် အ.ထ.က(၁)ကျောင်းတွင် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလ နောက်ဆုံးအပတ်တွင် ကျောင်းအပ်နှံရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်ပြင်ဆင် ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
မြဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ(၂၄) ရက်မှ (၃၁) ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်း သုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)