နတ်မောက်မြို့နယ်တွင် သဘာ၀ဘေးဒဏ်သင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

နတ်မောက် မေ ၁၄

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်း ဒဏ်ကြောင့် သဘာ၀ဘေးသင့်ခဲ့သော လျှော်ချောင်းကြီး ကျေးရွာအုပ်စုလျှော်ချောင်းကြီး ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစည်သူလွင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် အိမ်ခြေတစ်ခုချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှုပမာဏအပေါ် မူတည်၍ ထောက်ပံ့ပေးခြင်းဖြစ်ရာ အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၃၀) ၊ လူဦးရေ (၁၂၉)ဦး အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၄၅၉၀ဝိ/) ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ ပျက်စီးသွားသော နေအိမ်များကို အမိုးများ လုံခြုံမှုရှိစေရန် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်ရှိသော သစ်ပင်များအား ခုတ်လှဲပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်