ကော့ကရိတ် မေ ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာထွန်းကားပြန်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမ ပြန်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် ၆ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကြွရောက်လာသော ဆရာတော်များနှင့် တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မဂေါပကပ်အဖွဲ့တို့က “နမောတဿ” ၃ကြိမ်သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနယကအဖွဲ့ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဦးစိန္တိတထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။ထို့နောက် ခရိုင်သာသနာ ထွန်းကားပြန့်ပွားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက အမှာစကား လျှောက်ထားပြောကြားပြီး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့်အတူ အလှူငွေရရှိရေး၊ အထွေထွေညှိနှိုင်း ဆွေးနွေးခြင်းနှင့် လုပ်ငန်းတာဝန်အသီးသီးခွဲဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ရက်နေ့မှ ဇွန် ၁၃ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂နာရီအချိန်မှ ညနေ ၃နာရီအချိန်ထိ ၇ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ အဆိုပါစာမေးကို ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း၊ သံဃာ (၁၉၆)ပါးတို့မှ ဖြေဆို သွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)